Navigation - link to other main sections from here


ပြည့်တန်ဆာပွဲစား အမျိုးသမီး တစ်ဦးအား ဖမ်းဆီး အရေးယူ

မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် စားသောက်ဆိုင်သို့ ပြည့်တန်ဆာ လုပ်ငန်းအတွက် အမျိုးသမီးများ လိုက်လံရှာဖွေ ပို့ဆောင်ပေးခဲ့သည့် အမျိုးသမီး တစ်ဦးအား စက်တင်ဘာ ၁ ရက်က သက်ဆိုင်ရာမှ ဖမ်းဆီးခဲ့ကြောင်း သတင်း ရရှိသည်။ အဆိုပါနေ့ နံနက်ပိုင်းက ပခုက္ကူမြို့နယ် ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ထင်ပေါ် နှင့် အဖွဲ့သည် နယ်မြေ သတင်း စုံစမ်းနေစဉ် အမှတ် ၃ ရပ်နေ မxxxက မိန်းကလေးများ အား စုဆောင်းပြီး အခကြေးငွေယူကာ ပြည့်တန်ဆာ ကိစ္စ အလို့ငှာ ရေနံမှော်သို့ ပို့ဆောင်ပေးနေသည်ဟု သတင်းရပြီးနောက် စောင့်ကြည့်စဉ် အဆိုပါနေ့ နေ့လယ်အချိန်ခန့်တွင် ယင်းအမျိုးသမီးသည် ရပ်ကွက်အတွင်းရှိ အမျိုးသမီးငယ် နှစ်ဦးအား စည်းရုံးပြီး ပို့ဆောင်ရန် ကားဂိတ်သို့ ခေါ်ဆောင်လာသည်။

သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များနှင့် သက်သေများ ပူးပေါင်း၍ ကားဂိတ်သို့ သွားရောက် စစ်ဆေးကာ ပို့ဆောင်ပေးသည့် မxxxxနှင့် အမျိုးသမီးနှစ်ဦးအား သက်ဆိုင်ရာ ရဲစခန်းသို့ ခေါ်ဆောင်ပြီး မေးမြန်းခဲ့ရာ မxxxxက ရေနံမှော်၌ အလုပ်ကောင်းကြောင်းနှင့် စားသောက်ဆိုင်တွင် ပြည့်တန်ဆာကိစ္စ ပျော်ပါးရန် တစ်ဦးလျှင် ကျပ်သုံးသောင်း အကျိုးအမြတ် ရယူကာ အပ်နှံပေးသွားမည် ဖြစ်ကြောင်း ပြောဆိုပြီး ခေါ်ဆိုခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု ဆိုသည်။ အဆိုပါ အမှုနှင့် ပတ်သက်ပြီး စစ်ဆေးဖော်ထုတ်ချက် များအရ ပြည့်တန်ဆာကိစ္စ အလို့ငှာ မိန်းကလေးများအား စုဆောင်းပို့ဆောင်ပေးသူ မxxxxxအား အရေးယူပေးပါရန် တိုင်တန်းခဲ့ရာ သက်ဆိုင်ရာရဲ စခန်းက (ပ)၃၂၁/၁၀၊ ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေ ပုဒ်မ ၆(၁) ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။


၀၃ . ၁၂ . ၂၀၁၀
© 7 Day News
စောရန်နိုင်

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats