Navigation - link to other main sections from here


အင်းတော် မြို့နယ်တွင် လူမှောင်ခို ကုန်ကူးသူများအား အမှုဖွင့် တရားစွဲ


စစ်ကိုင်း ဒေသကြီး၊ ကသာ ခရိုင်၊ အင်းတော်မြို့နယ်၊ နားရခေါင် ကျေးရွာနေ၊ အသက် (၁၇) နှစ် အရွယ် အမျိုးသမီးငယ် (၂) ဦးအား မသမာသူ လူတစ်စုမှ ဖျားယောင်း သွေးဆောင်၍ လူမှောင်ခို ကုန်ကူးစဉ် တစ်ဦးအား အချိန်မီ ပြန်လည် တွေ့ ရှိ သော်လည်း ကျန် တစ်ဦးမှာ တရုတ်ပြည်သို့ရောက် ရှိပြီးမှ ဘဝရေတိမ် မနစ်မီ ပြန်လည် ခေါ်ဆောင်နိုင်ခဲ့သော မှုခင်းတစ်ရပ် ဖြစ်ပွားခဲ့သည်။ အမှုဖြစ်စဉ်မှာ စစ်ကိုင်းတိုင်း ဒေသကြီး အင်းတော်မြို့နယ် နားရခေါင်ကျေးရွာတွင် မစန်းစန်းနွယ်(ခ) မနန်းခွင်(၁၇)နှစ်သည် ဖခင်ဖြစ်သူ ဦးအောင်လွင်ဦးနှင့် အတူအဘိုး၊ အဘွားများနှင့် အတူတကွ နေထိုင်ကြသည်။ ၂၂-၄-၂၀၁၀နေ့တွင် မစန်းစန်းနွယ်(ခ) မနန်းခွင်သည် ညီမဝမ်းကွဲတော်စပ်သူ မအိအိဖြိုးနှင့် အတူချောင်းထဲတွင် ရေချိုးနေစဉ် တစ်ရွာတည်းနေ မသူဇာသင်းဆိုသူ ရောက်ရှိလာပြီး မစိုး(ခ) မတင်တင်စိုးမှ လာရောက် တွေ့ဆုံရန်မှာလိုက်ကြောင်း ပြောကြားခဲ့သည်။

ထို့ကြောင့် မစန်းစန်းနွယ်(ခ) မနန်းခွင်သည် ညီမဝမ်းကွဲတော်စပ်သူ မအိအိဖြိုးနှင့် အတူမစိုး(ခ) မတင်တင်စိုးနှင့် တွေ့ဆုံရန် ထွက်ခွာလာခဲ့ရာ စာသင်ကျောင်း ရဲယိုပင်အောက်တွင် မစိုး(ခ) မတင်တင်စိုးမှ မင်းတို့ မူဆယ်မှာ အလုပ်လုပ်မလား၊ တစ်လ ကို(၈၀၀၀၀)ကျပ် ရမယ်။ မင်းတို့ လိမ်လိမ်မာမာ နေရင်တစ်လကို(၁၀၀၀၀) ကျပ်တိုးပေးဦးမှာ ဟုစည်းရုံးခဲ့သည်။ မစန်းစန်းနွယ်(ခ) မနန်းခွင်နှင့် မအိအိဖြိုးတို့ (၂)ဦးစလုံး လိုက်ကြရန် သဘောတူညီကြပြီး ၂၃-၄-၁၀ နေ့တွင် မစိုး(ခ) မတင်တင်စိုး၏ ဆိုင်ကယ်နှင့်အတူ အင်းတော်မြို့ အောင်ဇေယျ ရပ်ကွက်နေ မနှင်းနှင်းရီနှင့်အတူ မလှိုင်ဆိုသူနှင့် တွေ့ဆုံခဲ့ကြသည်။ ၎င်းအပြင် ဒေါ်တင်မြဆိုသည့် အမျိုးသမီးကြီးမှလည်း လိုက်သွားရန် တိုက်တွန်းခဲ့သည်။ ၎င်းနောက် ၂၄-၄-၁၀နေ့နှင့်၂၅-၄-၁၀ နေ့တွင် မှတ်ပုံတင်မရှိသော အိအိဖြိုး အတွက် မှတ်ပုံတင်ပြုလုပ်ရန် အတွက် အင်းတော်မြို့သို့ မစိုး(ခ)မတင်တင်စိုးနှင့်အတူ လဝကရုံးသို့ သွားရောက် ခဲ့ကြပြီး နားရခေါင် ကျေးရွာသို့ ပြန်ခဲ့ ကြသည်။၂၅-၄-၁၀နေ့တွင် မစိုး(ခ) မတင်တင်စိုးမှ မစန်းစန်းနွယ်(ခ) မနန်းခွင်နှင့် မအိအိဖြိုး တို့အားတွေ့ဆုံပြီး ၂၉-၄-၁၀နေ့မှာ ခရီးထွက်မယ်။ အဆင်သင့် လုပ်ထားကြ။ မင်းတို့ အိမ်ကမေးရင် မဲဇာမှာ ပဲကောက်သွားမှာ လို့ပြောခဲ့ကြဟု ပြောကြားခဲ့သည်။

၂၈-၄-၁၀နေ့နံနက် ၈နာရီအချိန်တွင် မစန်းစန်းနွယ်(ခ) မနန်းခွင်နှင့် မအိအိဖြိုးတို့သည် အင်းတော်ဂိတ်သို့ သွားရောက်ခဲ့ကြပြီး အင်းတော်သို့ သွားရောက်ခဲ့ကြသည်။ အင်းတော်သို့ ရောက်သော အခါ မစိုး (ခ)မတင်တင်စိုး၊ မနှင်းနှင်းရီ၊ မလှိုင် တို့နှင့်အတူ လဝက ရုံးသို့သွား ရောက်ခဲ့ရာ ရုံးပိတ်ထားသဖြင့် ဦးစီးမှူး အိမ်သို့သွားရောက် အကူအညီ တောင်းခဲ့ကြသည်။ အိအိဖြိုးမှာ မှတ်ပုံတင် မရသေးသဖြင့် အင်းတော်တွင် ကျန်ရစ်ခဲ့ပြီး ၂၉-၄-၁၀နေ့တွင် အင်းတော်ဘူတာမှ မီးရထားဖြင့် မန္တလေးသို့ ထွက်ခွာခဲ့ကြပြီး ၃၀-၄-၁၀နေ့တွင် မန္တလေးသို့ ရောက်ရှိကာ ပြည်ကြီးမျက်ရှင် တည်းခိုခန်းတွင် တည်းခိုခဲ့ကြသည်။ ၁-၅-၁၀နေ့တွင် ပြည်ကြီးမျက်ရှင် တည်းခိုခန်းမှ တစ်ဆင့် နန့်ခမ်း တည်းခိုခန်းသို့ ပြောင်းရွေ့ခဲ့ကြပြီး ၂-၅-၁၀နေ့တွင် ရတနာစိုးကားဂိတ်မှ တဆင့် မော်တော်ယာဉ်ဖြင့် မူဆယ်မြို့သို့ထွက်ခွာ ရောက်ရှိခဲ့ကြသည်။ မူဆယ်သို့ ရောက်ရှိ သောအခါ မလှိုင်မှ ဖုန်းဆက်ခဲ့ရာ မော်တော်ကားတစ်စီးဖြင့် မနှင်းကြည်ဆိုသူ ရောက်ရှိလာပြီး တရုတ်ပြည် မန်ရှီမြို့သို့ထွက်ခွာ ခဲ့ကြသည်။

တရုတ်ဘာသာ စကားများဖြင့် ရေးသားထားသော တိုက်ကြီးများကို မြင်တွေ့ရသည့် အခါ တရုတ်ပြည်သို့ ရောက်ရှိပြီ ဖြစ်ကြောင်း သိရှိရပြီး မန်ရှီမြို့ပေါ်မှ အထပ်ပေါင်းများ စွာမြင့်သော တိုက်သို့ ခေါ်ဆောင်သွား ခဲ့သည်။ ထိုတိုက်ပိုင်ရှင် တရုတ်မကြီးနှင့် မနှင်းကြည်တို့ တရုတ်ဘာသာ စကားဖြင့် အပြန်အလှန် ပြောဆိုကြ ပြီးနောက် မနှင်းကြည်မှ မစန်းစန်းနွယ်(ခ) မနန်းခွင်အား အလုပ်ရပြီ၊ မင်းဒီမှာ နေရမှာဟု ပြောကာ အိပ်ဆောင်တွင် နေရာချထား ပေးခဲ့သည်။ အဆိုပါ အိပ်ဆောင်တွင် မစန်းစန်းနွယ်(ခ) မနန်းခွင်နှင့် ရွယ်တူ မိန်းကလေး(၃၀)ဦးခန့်ရှိကာ အင်းတော် မြို့နယ်၊ စက်တောကုန်းရွာသူ မဝါဝါ ဆိုသူကိုလည်းတွေ့ရှိခဲ့ရသည်။ အိပ်ဆောင်တွင် တွေ့ရသော မိန်းကလေး များသည် အရှက်လုံရုံ မျှသာ ဝတ်ဆင်ထားသည် ကိုလည်းတွေ့ရှိရပြီး နှိပ်နည်း(၁၂) မျိုး ရှိသည့်အနက် မစန်းစန်းနွယ်(ခ) မနန်းခွင်အား အဆင့်(၁) နှိပ်နည်းကို သင်ကြား ပေးခဲ့သည်။

၎-၅-၁၀နေ့ နေ့လည်ပိုင်းတွင် မနှင်းကြည်မှ မစိုးအား အင်းတော်မှ ဖုန်းလာကြောင်း ပြော၍ ဖုန်းဆက်ကြ သောအခါ မစန်းစန်းနွယ်(ခ) မနန်းခွင်အား အုပ်ထိန်းသူ မိဘများ မသိအောင် ဖျားယောင်း သွေးဆောင် ခေါ်ဆောင်သွားကြသည့် မစိုး(ခ) မတင်တင်စိုးနှင့် မနှင်းနှင်းရီ တို့အား မစန်းစန်းနွယ်၏ ဖခင်ဦးအောင်လွင်ဦးမှ အင်းတော် ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ထို့ကြောင့် မစန်းစန်းနွယ် (ခ)မနန်းခွင်အား အမြန်ပြန်ပို့ရန် ဆက်သွယ်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် မစိုးတို့မှ ၅-၅-၁၀နေ့တွင် မစန်းစန်းနွယ်(ခ) မနန်းခွင် အား မြန်မာပြည်သို့ ပြန်လည် ခေါ်ဆောင်ခဲ့ကြပြီး အင်းတော်မြို့နယ်သို့ ပြန်ပို့ခဲ့ကြသည်။ အင်းတော်မြို့တွင် ကျန်ရစ်ခဲ့သော မအိအိဖြိုးမှာလည်း မစိုး၏ အိမ်တွင် ၂၉-၄-၁၀နေ့ တစ်ညအိပ်ကာ ၃၀-၄-၁၀နေ့တွင် မနှင်းနှင်းရီ အိမ်သို့ပြောင်းရွေ့ပြီး(၃)ညအိပ် ခဲ့ပါသည်။ အဆိုပါ(၃)ရက် အတွင်း အပြင်သို့ မထွက်ရဘဲ ထမင်းလည်း မကျွေးခဲ့ပါ။

နေ့စဉ် လက်ဖက်ရည်နှင့် အဝါရောင်ဆေးပြား တစ်ပြားတို့ကိုသာ တိုက်ကျွေးခဲ့သည်။ ၃-၅-၁၀နေ့တွင် နားရခေါင်ကျေးရွာမှ မျိုးသူ ရောက်ရှိလာပြီး အိအိဖြိုးအား ရွာသို့ ပြန်လိုက်ခဲ့ရန် ခေါ်ခဲ့သည်။ ဒေါ်တင်မြတို့သား အမိက မပြန်ရန် တားမြစ်ခဲ့ကြသည်။ ထိုအချိန်တွင် မအိအိဖြိုး၏ အမေ မစန်းစန်းဖွေး၊ အဒေါ် မရင်ရင်ထွေး၊ ဦးလေး ဦးအောင်ရွှေ၊ဘကြီး ဦးစံရွှေနှင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး မအိအိဖြိုးအား ခေါ်ဆောင်သွားခဲ့ ကြသည်။ ယခုအခါ မစန်းစန်းနွယ်(ခ) မနန်းခွင်နှင့် မအိအိဖြိုးတို့မှာ မိမိတို့၏ ဇာတိနားရခေါင် ကျေးရွာသို့ပြန် လည်ရောက်ရှိခဲ့ကြပြီး အဆိုပါ ဖြစ်ရပ်များနှင့် ပတ်သက်၍ မစန်းစန်းနွယ် (ခ)မနန်းခွင်၏ ဖခင်ဦးအောင်လွင်ဦး မှ မကျေနပ်သဖြင့် အင်းတော် ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ရာ အင်းတော် ရဲစခန်းမှ(ပ) /၂၀၁၀ပုဒ်မ (၃၆၆) ဖြင့် အမှုလက်ခံကာ အမှုအဖြစ် အင်းတော် ရဲစခန်းမှူး ရဲအုပ်မှ တာဝန်ယူ စစ်ဆေးလျက် ရှိပေသည်။ ထို့နောက် အမှုအား ခိုင်မာစွာ တည်ဆောက်၍ ကသာခရိုင် တရားရုံးသို့ တင်ပို့ခဲ့ရာ ကသာခရိုင် တရားရုံးမှ ပြစ်မှုကြီး အမှတ် ၃၈ဖြင့် လက်ခံစစ်ဆေး လျက်ရှိကြောင်း သိရသည်။


၀၃ . ၁၂ . ၂၀၁၀

Hits: Hits
Action:
| More

0 comments:

Post a Comment

Free counter and web stats